ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများသို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ လွှဲပြောင်းပေးအပ်

ဆီဆိုင် မတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၃၅)ရွာအား စီမံကိန်းလုပ်ငန်းများပြီးစီးပြီဖြစ်၍ လုပ်ငန်းများလွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများအား ဝိုင်းဝန်းထိန်းသိမ်းကြရန် အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၃၅)ရွာမှ ကော်မတီဝင်များထံသို့ လုပ်ငန်းလွှဲပြောင်းမှတ်တမ်းလွှာများကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ(၃၅)ရွာတို့တွင် လမ်းတံတားလုပ်ငန်း(၂၅)ခု၊ ရေပေးရေးလုပ်ငန်း(၇)ခု၊ ပညာရေးအဆောက်အဦ(၂)ခု၊ ကျေးရွာခန်းမ(၁)ခု စုစုပေါင်းလုပ်ငန်း(၃၅)ခုကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်(၃၅၀)သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ်(၉၃.၅၃)သန်း စုစုပေါင်းရန်ပုံငွေ ကျပ်(၄၄၃.၅၃)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီးဖြစ်သောကြောင့် သက်ဆိုင်ရာကျေးရွာကော်မတီဝင်များထံသို့ လုပ်ငန်းများစနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်းနှင့် အဆိုပါကျေးရွာများမှ အိမ်ခြေ(၄၃၁၉)အိမ်၊ လူဦးရေ(၂၀၂၀၁)ဦးခန့်တို့အား အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)