ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ မှုခင်းအသိပညာပေး ဟောပြောပွဲ ကျင်းပ

ပူတာအို မတ် ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ ဦးဆောင်မှုဖြင့် မှုခင်းကျဆင်းရေးအတွက် မှုခင်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပူတာအိုမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက ယခုလို မှုခင်းအသိပညာပေး ဟောပြောဆွေးနွေးပွဲများ ပြုလုပ်ခြင်းအားဖြင့် ပြည်သူများ မှုခင်းအသိပညာ တိုးတက်မြင့်မားလာပြီး မှုခင်းများ လျော့နည်းကျဆင်းလာခြင်း၊ မသမာသူများထံတွင် လိမ်လည်ခံရမှုများ လျော့နည်းလာခြင်း၊ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မှုခင်းစုံစမ်းဖော်ထုတ်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ခြင်းနှင့် နယ်မြေ သတင်းရယူစုံစမ်းရာတွင် သတင်းလက်ဦးမှု ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိလာမည် ဖြစ်ခြင်းကြောင့် မှုခင်းအသိပညာပေး ဟောပြောဆွေးနွေးပွဲများအား ပြုလုပ်ပေးသင့်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ရဲတပ်ဖွဲ့လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အားတက်သရော ပူးပေါင်းပါဝင် ကူညီပေးစေလိုကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်က မှုခင်းများ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မှုခင်းမဖြစ်ပွားအောင် နေထိုင်ရမည့်အချက်များ၊မှု ခင်းလျော့နည်းကျဆင်းအောင် ဆောင်ရွက်သင့်သည့် အချက်များကို ပရိုဂျက်တာဖြင့် ပြသကာ အသိပညာပေးဟောပြောပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်သူက ပူတာအိုမြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှုအခြေအနေများနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ရရှိလာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်းကောင်း၊ မြို့မရဲစခန်းမှူး ဒု-ရဲမှူး ဖြိုးနိုင်ဦးက ပူတာအိုမြို့နယ်အတွင်း မုဒိမ်းမှုဖြစ်ပွားမှု အခြေအနေများကိုလည်းကောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ (ပူတာအို)မှ ရဲအုပ်ရန်နောင်စိုးက ယာဉ်မောင်းများနှင့် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် ဘိုဘိုဟန်က မူးယစ်ဆေးဝါးကြောင့် အရေးယူဆောင်ရွက်သည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ပူတာအိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူး ဉာဏ်လင်းထွန်းက မှုခင်းကျဆင်းရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကိုလည်းကောင်း အသိပညာပေးဟောပြောကာ အခမ်းအနား တက်ရောက်လာသူများအား မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ပြည်သူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)