ကျောက်မဲ မတ် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးစိုးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ချိုဝင်းလှိုင်က ဒေသခံပြည်သူများ တပိုင်တနိုင်အိမ်တွင်းမှုလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများရရှိစေရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်တတ်စေရန်၊ လူသုံးကုန်ပစ္စည်းများတွင်ပါဝင်သော ဓါတုပစ္စည်းများအကြောင်း နားလည်တတ်ကျွမ်းစေရန်၊ ပြည်တွင်းဖြစ် အရည်အသွေးကောင်းမွန်သော လူသုံးကုန်ပစ္စည်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသန့်ဇော်ဝင်းက သင်တန်းသား/သူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် ပြုလုပ်နည်းအဆင့်ဆင့်ကို စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် ၅ ရက်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ ဒေသခံပြည်သူ ၂၀ ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)