ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

ချမ်းအေးသာစံ    မတ်   ၃၀

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  မူပိုင်ခွင့်ဦးစီးဌာနမှ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ရတနာပုံစူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ခန်းမတွင်  ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်မှ အဖွင့်အမှာ စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့​သည်။ ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်မှ ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်အာဏာသက်ဝင်မည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူးများဖြစ်သည့် ဒေါက်တာစိမ့်သန္တာထွန်းမှ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒေါက်တာအေးသီရိဝေမှ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာပုံစံများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဧရာဝတီဘဏ်မှ အကြီးတန်းမန်နေဂျာ ဦးကျော်ထက်အောင်နှင့် CB Bank မှ Deputy Manager ဦးရဲမာန်ထက်တို့မှ သက်ဆိုင်ရာ ဘဏ်များအလိုက် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အခကြေးငွေ ပေးသွင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ထုံးလုပ်နည်းများအကြောင်းတို့အားလည်းကောင်း အသီးသီးရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များ မေးမြန်းမှုအား တာဝန်ရှိ သူများမှ ပြန်လည်ရှင်းလင်းဖြေကြားကာ ဒေါက်တာ မိုးမိုးသွယ်မှ နိဂုံးချုပ်စကားပြောကြားခဲ့​သည်။

အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ မူပိုင်ခွင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်၊ ညွှန်ကြားရေးမှူးများဖြစ်သည့် ဒေါက်တာစိမ့်သန္တာထွန်း၊ ဒေါက်တာအေးသီရိဝေ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှူး ဦးမြင့်ဇော်ဦး တို့နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်