ဝမ်းတွင်း မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအဖြင့် ပွင့်လင်းရာသီတွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင် စီမံကိန်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးလန့်မှုများဖြစ်ပေါ်လာပါက ကြိုတင်မီးငြိမ်းသတ်နိုင်စေရန် မီးသတ်ဆေးဘူး များဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်းကို ဆွေးနွေးပြသခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့် စခန်းတာဝန်ခံ အရာရှိများ၊ တပ်ဖွဲ့ဝင်များ ဆောင်ရွက်လျက်ရှိပြီး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ရဲမျိုးသက်