နေပြည်တော် မတ် ၃၀
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ မောင်မင်းစိုး ရေးသားထားသည့် “လူငယ်နှင့်လူမှုရေး” စာအုပ်ဖြင့် ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်ပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးစောမျိုးအောင် (အိုင်ပီမျိုးအောင်)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ဒေါ်ခင်ငြိမ်းအေး(မေချို-ပျဉ်းမနား)၊ ဦးခင်မောင်ကျော် (ရဲမွန်ကျော်)၊ ဦးစောဦး(ဈာန်-စွမ်းအင်)၊ ဦးလင်းထွဋ် (ကိုလင်း အညာမြေ)၊ဦးဟန်ညွန့်(ဟန်ညွန့်-ယဉ်ကျေးမှု)၊ ဦးကျော်လွင်မြင့်(မှော်ဝန်း)၊ ဦးအောင်ဝေး(အောင်ဝေး-ညောင်ခြေထောက်)၊ ဦးကျော်ဇော (ရှင်မတောင်နံသာမြေ)၊ ဒေါ်နှင်းနှင်းလွင်၊ ဒေါ်သက်သက်မွန်၊ ဒေါ်ချယ်ရီအောင်သန်း(ချယ်ချယ်-YU)၊ ဒေါ်ခင်ဆွေယုတို့က “လူငယ်နှင့်လူမှုရေး”စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာ အချက်အလက်များကို မိမိတို့၏သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)