တောင်ကုတ်မြို့နယ်၌ ဆီထွက်သီးနှံနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပ

တောင်ကုတ် မတ် ၃၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဆီထွက်သီးနှံ (နေကြာ) ဆင်းရွှေကြာ-၂ စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ရန်မျိုးကျေးရွာရှိ တောင်သူဦးစိုးသူပါ (၄) ဦး၏ ကွင်းအမှတ် (၉၀)၊ ဦးပိုင်အမှတ် (က/၅၁-၁) ရှိ စံကွက်စိုက်ခင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆီထွက်သီးနှံ နေကြာစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက ဆင်းနေကြာ-၂  နေကြာမျိုးစေ့ထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက် များနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့် တောင်သူများ၏ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဆီထွက်သီးနှံများစိုက်ပျိုးရေး၊ နေကြာသီးနှံစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း တိုးတက်ကောင်း မွန်စေရေး၊ မျိူးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေး၊ သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲစိုက်ပျိုးကြရန်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများက ဦးစိုးသူပါ (၄) ဦး၏ ဆင်းရွှေကြာ-၂ မျိုးစေ့ထုတ် စိုက်ဧက (၁၀) ဧကအတွင်း စံကွက်ရိတ်သိမ်းရာ တစ်ဧကအစိုအထွက်နှုန်း (၆၁.၈၇) တင်း၊ အခြောက်အထွက်နှုန်းမှာ (၅၈.၁၅) တင်းထွက်ရှိပြီး နေကြာစိုက်ပျိုးရက်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်လင်းထွဋ်နှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်