မိုင်းခတ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရပ်ကွက်၊ ကျေးရွာများတွင် အသိပညာပေး လှည့်လည်နှိုးဆော်

မိုင်းခတ် မတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူများအား ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိပြီဖြစ်သောကြောင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး နေ့စဉ်အသိပညာပေးနှိုးဆော်လျက်ရှိသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ထင်း၊ မီးသွေးအသုံးပြုသော မီးဖိုအနီးတွင် မီးလောင်လွယ်သော ပစ္စည်းနှင့်လောင်စာဆီများမထားရန်၊ ကလေးသူငယ်သက်ကြီးရွယ်အိုနှင့် စိတ်ဝေဒနာရှင်များအား မီးသုံးစွဲစေခြင်းမပြုလုပ်စေရန်၊ မီးဖိုပတ်လည်အားသန့်ရှင်းစွာထားရှိခြင်း၊ ကာရံခြင်းနှင့်လေဝင်လေထွက်ကောင်းမွန်အောင် ဆောင်ရွက်ထားရှိခြင်း၊ ဖယောင်းတိုင်၊ အမွှေးတိုင်နှင့်ခြင်ဆေးခွေများအား အောက်ခံခွက်များထားရှိပြီးမှ အသုံးပြုရန်၊ အိမ်တိုင်းတွင် မီးငြှိမ်းသတ်နိုင်မည့်ရေ၊ သဲ၊ မီးချိတ်၊ မီးကပ်(သို့မဟုတ်)မီးသတ်ဆေးဘူးများထားရှိရန်၊ဟောင်းနွမ်းဆွေးမြေ့နေသည့် ဝါယာကြိုးများ၊ ပျက်စီးနေသည့်လျှပ်စစ်ပစ္စည်းများအား ပြုပြင်လဲလှယ်သွားရန်၊ လျှပ်စစ်ပစ္စည်းများသုံးစွဲပြီးပါက ခလုတ်ပိတ်ခြင်း၊ ပလပ်ဖြုတ်ခြင်းနှင့်မိန်းချခြင်းများပြုလုပ်ရန်၊ မီးသတ်တပ်ဖွဲ့နှင့်သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတို့၏ ခွင့်ပြုချက်မရှိဘဲ တောင်ယာမီးရှို့ခြင်းများ မပြုလုပ်ကြရန်၊ မိမိနေအိမ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီကဲ့သို့ လောင်စာပစ္စည်းများ သိုလှောင်ခြင်း၊ သိမ်းဆည်းခြင်း၊ဖြန့်ဖြူးရောင်းချခြင်းလုံးဝမပြုလုပ်ရန်၊ မီးဘေးလုံခြုံရေးအတွက် အိမ်တိုင်းနှင့်လုပ်ငန်းတိုင်းတွင် မီးသတ်ဆေးဘူးများထားရှိကြရန် ပြည်သူများအား အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)