ကျိုင်းတောင်း မတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ယခုအချိန်ကာလ၌ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာစုပေါင်းရှင်ပြုပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါစုပေါင်းရှင်ပြုပွဲအား နှစ်စဉ်နှစ်တိုင်း တန်ခူးလဆန်းပိုင်းမှစတင်ကာ ကဆုန်လပြည့်နေ့မတိုင်မီအထိ ကျိုင်းတောင်းမြို့အတွင်းရှိ ဒေသနေရှမ်းတိုင်းရင်းသား လူမျိုးအများစုတို့က ဆင်ယင်ကျင်းပလေ့ရှိပြီး ရှင်ပြုပွဲအလှူပြုလုပ်မည့် မောင်ရင်လောင်း၏ မိဘများကစုပေါင်း၍ မိမိတို့ရပ်ကွက်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရှင်ပြုအလှူမင်္ဂလာမဏ္ဍပ်များစုပေါင်းပြုလုပ်ခြင်း၊ စုပေါင်းဧည့်ခံကျွေးမွေးကြခြင်းနှင့် အလှူပစ္စည်းနှင့် ပွဲကုန်ကျစရိတ်ငွေကြေးတို့ကို အများအချိုးကျစုပေါင်းထည့်ဝင်ကြခြင်းတို့ပြုကြသည်။ ငွေကြေးတတ်နိုင်သူတချို့က လည်းတစ်ဦးတည်းမတည်၍ ငွေကြေးအနည်းအကျဉ်းသာတတ်နိုင် သူတို့အားလက်တွဲခေါ်ယူခြင်းဖြင့် ရိုးရာရှင်လောင်းပွဲကို ဦးဆောင်ကျင်းပလေ့ရှိကြောင်း သိရသည်။
စုပေါင်းရှင်လောင်းပွဲတွင် မောင်ရှင်လောင်းများကို ရှင်လောင်းထိန်းများဖြင့်တင်ဆောင်ကာ ရှင်လောင်းများ၏ မိဘများ၊ပရိက္ခရာများ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များ၊ ဒေါင်းတောင်များနှင့် ရှမ်းရိုးရာအိုးစည်၊ ဗုံမောင်းတို့ လိုက်ပါလျက် ရှင်ပြုပွဲပြုလုပ်ရာ ဘုန်းတော်ကြီးကျောင်းမှ မြို့တွင်းလမ်းမများတစ်လျှောက် ရှင်လောင်းလှည့်လည်လျက်ရှိကြောင်း သိရှိရသည်။
သီဟ(ပြန်/ဆက်)