စစ်တွေ မတ် ၃၀
မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံအစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၅)မြို့နယ်မှ ကျေးရွာ(၅)ရွာတွင် ကျေးလက်မီးလင်းရေးလုပ်ငန်း(Mini-Grid) လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်က ယနေ့ကျင်းပသည့် အခမ်းအနားသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံအထောက်အပံ့ဖြင့် ဆောင် ရွက်ပြီးစီးခဲ့သည့် ဆိုလာအသေးစား ဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာရှိသော မဟာဓာတ်အားလိုင်းမရောက်ရှိသည့် ကျေးရွာ(၅)ရွာကို အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ဆိုလာအသေးစား ဓာတ်အားပေးစနစ်ကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် နိုင်ငံတော်အစိုးရကိုယ်စား၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ကိုယ်စားအထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ထိုစီမံကိန်းဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးရွာတစ်ရွာလုံးတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ၂၄ နာရီသုံးစွဲနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုလျှပ်စစ်မီးရရှိသော ကျေးရွာများ အနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးထုတ်ကုန်များကို ထုတ်လုပ်ကာ ဖွံ့ဖြိုးတိုးတက်မှုများရရှိ လာမည်ဖြစ်ကြောင်းနှင့် ကျေးရွာမီးလင်းရေးကော်မတီဝင်များအနေဖြင့် ကျေးရွာသူ၊ ကျေးရွာသားများနှင့် ပူးပေါင်းကာ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးကို ရေရှည်သုံးစွဲနိုင်အောင် ထိန်းသိမ်းစောင့် ရှောက်ပေးကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဆိုင်ရာအိနိ္ဒယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr.Bibekananda Bhattamishraက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ထောက်ပံ့ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးလက်မီးလင်း ရေးလုပ်ငန်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးက စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျေးလက်မီးလင်းရေးအထိမ်းအမှတ်ပစ္စည်းများအား ကုမ္ပဏီမန်းနေဂျင်း ဒါရိုက်တာက ပြည်နယ်ဝန်ကြီး၊ အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့ ထံပေးအပ်သည်။ ယင်းနောက် ပြည်နယ်ဦးစီးမှူးက အသေးစား မီးလင်းရေးနှင့် ပတ်သက်သည့် အချက်အလက်များအား ကျေးရွာမီးလင်းရေးကော်မတီများထံ ပေးအပ်ပြီး ကျေးရွာမီးလင်းရေးကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာနားလည်မှု အိန္ဒိယနိုင်ငံအထောက်အပံ့ဖြင့် ကျေးလက်မီးလင်းရေးကို ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့မှ ကျေးရွာတစ်ရွာစီတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)