စမ်းချောင်း မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရုံးဌာနများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၁)နာရီအချိန်ကမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်မီးသတ်ဦးစီးမှူးဦးသူရဆွေက အရေးပေါ်မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ မီးသဘောသဘာဝများ၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးအတန်းစားများအားရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်နည်း(၄)နည်းအားရှင်းလင်းခြင်း၊ ဂက်(စ်)အိုးမီးငြှိမ်းသတ်နည်းအားရှင်းလင်းခြင်း၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသေးစိတ်အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ စမ်းချောင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရဆွေနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
နီလာစိုး