သာကေတမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲဆက်လက်ဖြေဆို

သာကေတ မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအား မတ်လ(၂၈)ရက်နေ့တွင် စတင်ဖြေဆိုကျင်းပခဲ့ရာ ယနေ့နေ့လယ်(၁၂:၀၀)နာရီတွင် သာကေတမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဇိနမာရ်အောင် စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မာရုံ၌ ဆက်လက်ဖြေဆိုကျင်းပခဲ့သည်။

အဆိုပါ ၂၀၂၃ ခုနှစ်အစိုးရပါဠိ ပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲကြီးကြပ်ရေး ဥက္ကဋ္ဌ အောင်မော်စံဆရာတော် ဘဒ္ဒန္တအာစိဏ္ဏနှင့် အဖွဲ့ဝင်ဆရာတော်များ၊​မြို့နယ်သံဃာ နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသောဘနနှင့် အဖွဲ့ဝင်ဆရာတော်များမှ စာဖြေ သံဃာတော်များ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ စီမံပူးပေါင်းဆောင်ရွက်ခဲ့ကြရာ သာကေတမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ပထမအကြီးတန်း (၈၇)ပါး၊ ပထမလတ်တန်း(၃၅)ပါး၊ ပထမငယ်တန်း(၈၄)ပါး၊ အခြေပြု မူလတန်း (၁၅၉)ပါး စုစုပေါင်းစာဖြေသံဃာတော် (၃၆၅)ပါးနှင့် မြန်မာဂုဏ်ထူးနှင့် ပါဠိဂုဏ်ထူးတို့တွင် သံဃာတော်(၃၃)ပါးတို့မှ ကစ္စည်းသဒ္ဒါကြီးဘာသာရပ်အား ဆက်လက်ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန် /ဆက်)