မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေးကဏ္ဍ စီမံကိန်းကျေးရွာ(၃)ရွာသို့ရန်ပုံငွေလွှဲပြောင်းပေးအပ်

မြေပုံ     မတ်  ၂၉  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စိုက်ပျိုးရေးကဏ္ဍ စီမံကိန်းကျေးရွာ(၃)ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်က အဖွင့်အမှာစကားပြောကြာပြီး စီမံကိန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းအေးခိုင်က စီမံကိန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ကြက်ရေကြီးကျေးရွာစီမံကိန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌအား စိုက်ပျိုးရေးကဏ္ဍစီမံကိန်းရန်ပုံငွေ ကျပ်သန်း(၆၀)အား လည်းကောင်း၊ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး(၁)မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ကြာအင်းတောင်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌအား စိုက်ပျိုးရေးကဏ္ဍစီမံကိန်း ရန်ပုံငွေ ကျပ်သန်း(၆၀)အားလည်းကောင်း၊ မြို့နယ်စီမံကိန်းကြီးကြပ်မှူးကော်မတီအတွင်းရေးမှူး (၃)မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးမှ သရက်တောကျေးရွာ စီမံကိန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌအား စိုက်ပျိုးရေးကဏ္ဍစီမံကိန်းမတည်ရန်ပုံငွေ ကျပ်သန်း(၄၀)တို့ကို အသီးသီးလွှဲအပ်ပေးကြပြီး ကြက်ရေကြီး ကျေးရွာစီမံကိန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားသည်။

အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးကဏ္ဍစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာစီမံကိန်းကျေးရွာများဖြစ်သည့် ကြက်ရေကြီးကျေးရွာ၊ ကြာအင်းတောင်ကျေးရွာနှင့် သရက်တောကျေးရွာတို့မှ စိုက်ပျိုးရေးစီမံကိန်း ရန်ပုံငွေကြီးကြပ်ရေးကော်မ တီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

တင်ဝင်း