ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အခြေခံပညာ မူလတန်းအဆင့် မြို့နယ်အဆင့် ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

ဒဂုံဆိပ်ကမ်း မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မူလတန်းအဆင့် ဆရာ၊ ဆရာမများ၏သင်ယူမှု၊ သင်ကြားမှု အရည်အသွေးမြင့်မားလာစေရန်နှင့် ဆရာ၊ ဆရာမများ၏ ဆရာအတတ်ပညာကို ကျွမ်းကျင်မှုရှိပြီး သင်ယူမှု၊ သင်ကြားမှု ထိရောက်စွာ တိုးတက်လာစေရန် ရည်ရွယ်၍ အခြေခံပညာ မူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ ပညာရေးနှင့် ကျန်းမာရေးတာဝန်ခံ ဦးလှကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က ပြောကြားရာတွင် ဆရာ၊ ဆရာမများအနေဖြင့်  သင်တန်းတက်ရောက်ခြင်းဖြင့် ဘာသာရပ်နှင့် သက်ဆိုင်သော အတွေ့အကြုံ၊ ဗဟုသုတ၊ အတွေးအခေါ် အယူအဆများဖလှယ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်တိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာမူလတန်းကျောင်းများမှဆရာ၊ ဆရာမ(၀၀)ဦးက တန်းခွဲအလိုက် တက်ရောက်ခဲ့ပြီး နည်းပြဆရာ၊ ဆရာမ(၁၅)ဦးမှ Grade-1 မှ Grade-5 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံစစ်ဆေးအကဲဖြတ်ခြင်း) (ဂီတ၊ ကာယ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ)ဘာသာရပ်များကို မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊

အေးမဉ္ဇူ