ပြင်ဦးလွင် မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် သင်္ကြန်အကြို (၃၁) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ ကုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်ဆေးရုံအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး စုပေါင်းသွေးလှူဒါန်းမှုနှင့်ပတ်သက်၍ ဦးကျော်သူဟန် (CSV Manager , Myanmar Brewery) မှ ဝမ်းမြောက်စကားပြောကြားသည်။
ထို့နောက် သွေးလှူဒါန်းမှုနှင့်ပတ်သက်၍ ရောဂါဗေဒအထူးကုဆရာဝန်ကြီး ဒေါက်တာ ဇွန်ဇာဦးက ရှင်းလင်းပြောကြားကာ ခရိုင်ကုသရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက ပြည်သူ့ဆေးရုံကြီးတွင် သင်္ကြန်အကြို စုပေါင်းသွေးလှူဒါန်းပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သွေးလှူဒါန်းမှုတွင်ပါဝင်သော လူမှုရေးအသင်းများနှင့် ပုဂ္ဂိုလ်များအား ခရိုင်ဆေးရုံ အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် စုပေါင်း သွေးလှူဒါန်းပွဲတွင် ပါဝင်၍ သွေးလှူဒါန်းနေကြသော သွေးအလှူရှင်များအား ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် အပေါ်ထပ်သို့ သွားရောက်တွေ့ဆုံအားပေးကာ အာဟာရဖြည့်စွက်စာများ၊ အားဖြည့်အချိုရည်များ၊ ဆေးဝါးများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ယနေ့ကျင်းပသော ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီး၏ သင်္ကြန်အကြို (၃၁) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားတွင် အရေးပေါ်သွေးလိုအပ်ချက်ရှိသည့် နေရာများ၌ သွေး အရေးပေါ်အသုံးပြုနိုင်ရန်အတွက် သွေးအိတ်ပေါင်း (၁၀၀) အား သွေးလှူရှင်အသင်းပေါင်း (၈) သင်းမှ အသင်းသားများက ဝင်ရောက်ပူးပေါင်းပါဝင် လှူဒါန်းခဲ့ကြကြောင်း သိရပြီး အဆိုပါအခမ်းအနား ဖြစ်မြောက်ရေးအတွက် Myanmar Brewery ကုမ္ပဏီက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)