ဝမ်းတွင်း မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စောနှင်းဦးက သားငယ်/သမီးငယ်များရဲ့ သင်ကြားရေးပိုင်းဆိုင်ရာ ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောခဲ့ပြီး ဝမ်းတွင်းမူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်ဝေဝေကျော်က ကလေးငယ်များအတွက် ဉာဏ်ရည်ဖွံ့ဖြိုးရေးနှင့် ကိုယ်ကာယဆိုင်ရာ သင်ကြားပေးမှု၊ အားကစား၊ ကဗျာ၊ ဂီတ စုပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အကျင့်ကောင်းများရရှိစေရန် အခြေခံမှစ၍ သင်ကြားပေးမှုဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းသား မိဘများကိုယ်စား မိဘတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး သားငယ်/သမီးငယ်များကိုယ်စား ကျောင်းသား (၂)ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြေားခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီး ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲကို ဆက်လက်ကျင်းပခဲ့ရာ မိတ္ထီလာခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူ(၄၅)ဦးအား ကျောင်းဆင်း လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြပြီး သားငယ်/သမီးငယ်က ပဒေသာကပွဲများနှင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို မိတ္ထီလာခရိုင် လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စောနှင်းဦးနှင့် ဝန်ထမ်းများ၊ ဝမ်းတွင်းမူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်ဝေဝေကျော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)