ထန်းတပင်(ရန်ကုန်) မတ် ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့၊ မွန်းတည့် (၁၂)နာရီအချိန်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ သီရိမင်္ဂလာ ကျောင်းတိုက်၊ ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိပြီး အစိုးရပါဠိပထမပြန် စာမေးပွဲကိုလည်း ထန်းတပင်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များနှင့် ပထမပြန်ကြီးကြပ်ရေးဆရာတော်များက ကြီးကြပ်ကာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပရိယတ္တိသာသနာထွန်းကားပျံပွားစေရန်ရည်ရွယ်၍ အစိုးရပါဠိပထမပြန်စာမေးပွဲကို ထန်းတပင်မြို့နယ်တွင် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ (၇)ရက်တာကျင်းပပြုလုပ်ခြင်းဖြစ်သလို ပထမကြီးတန်းစာမေးပွဲတွင် ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာ(၁၂)ပါးနှင့် သီလရှင်(၂)ပါး၊ ပထမလတ်တန်းစာမေးပွဲတွင် ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာ(၃)ပါးနှင့် သီလရှင်(၁)ပါး၊ ပထမငယ်တန်းစာမေးပွဲတွင်ဖြေဆိုရန် စာရင်းပေးသွင်းသည့်သံဃာ(၂၈)ပါး၊ သီလရှင်(၆)ပါးနှင့်လူပုဂ္ဂိုလ်(၁)ဦး၊ အခြေပြုမူလတန်းစာမေးပွဲတွင် ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာ(၈၇)ပါးနှင့် သီလရှင်(၈)ပါး စုစုပေါင်းဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းသည့် သံဃာ(၁၃၀)ပါး၊ သီလရှင်(၁၇)ပါးနှင့်လူပုဂ္ဂိုလ်(၁)ဦးရှိပြီး ပထမကြီးတန်းတွင် ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာ(၉)ပါးနှင့် သီလရှင်(၂)ပါး၊ ပထမလတ်တန်းတွင် ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာ (၁)ပါးနှင့် သီလရှင်(၁)ပါး၊ ပထမငယ်တန်းတွင်ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာ (၂၄)ပါးနှင့် သီလရှင်(၅)ပါး၊ အခြေပြုမူလတန်းတွင်ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သံဃာ (၆၉)ပါး နှင့်သီလရှင်(၆)ပါး စုစုပေါင်းဝင်ရောက် ဖြေဆိုခဲ့ကြသည့် သံဃာ(၁၀၉)ပါးနှင့် သီလရှင်(၁၄)ပါးထိရှိကြောင်းလည်း သိရသည်။
စာဖြေသံဃာတော်များ အဆင်ပြေချော့မွေ့စွာဖြေဆိုနိုင်ရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက စာဖြေသံဃာတော်များနှင့် သီလရှင်များ၏ ဆွမ်းဝေယျဝစ္စများနှင့် ကျန်းမာရေးကိစ္စရပ်များကို ဝိုင်း ဝန်းကာကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက် (ပြန်/ ဆက်)