သထုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီမှ ထိန်ပင်ကျေးရွာ ပဲတီစိမ်းစိုက်တောင်သူများအတွက် အရင်းမပျောက် မ တည်ငွေလွှဲပြောင်းပေးအပ်

သထုံ မတ် ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီမှထိန်ပင်ကျေးရွာ ပဲတီစိမ်းစိုက် တောင်သူများအတွက် အရင်းမပျောက် မ တည်ရန်ပုံငွေ(လုပ်ငန်းချေးငွေ)များ ကျေးရွာလုပ်ငန်းကော်မတီထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက ‌တောင်သူများ လုပ်ငန်းအဆင်ပြေ‌ပြီး ဒေသထုတ်ကုန်များ တိုးမြင့်လာရေး ရည်ရွယ်ကာ အရင်းမပျောက် မ တည်ရန်ပုံငွေ(လုပ်ငန်းချေးငွေ)များ ထုတ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က သထုံမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သီးနှံအလိုက် ထုတ်ချေးပေးခဲ့မှုများ၊ မ တည်ရန်ပုံငွေ(လုပ်ငန်းချေးငွေ)နှင့်ပတ်သတ်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ လာမည့် မိုးစပါးစိုက်ရာသီအတွက် ထုတ်ချေးပေးရန် လျာထားသည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ထိန်ပင်ကျေးရွာ ပဲတီစိမ်းစိုက်တောင်သူ ၂၇ ဦးတို့၏ စိုက်ဧကပေါင်း ၃၃၃.၃ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၁၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၄၀၀ အား ကျေးရွာ လုပ်ငန်းကော်မတီထံ လွှဲပြောင်းပေးအပ်ရာ ထိန်ပင်ကျေးရွာလုပ်ငန်းကော်မတီမှ တာဝန်ရှိသူက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် ယခုနှစ်ဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ်အစိုးရမှ သထုံမြို့နယ်အတွက် သိန်း‌ပေါင်း ၁၆၄၀ ခွင့်ပြုခဲ့ရာ ထိန်ပင်ကျေးရွာမှ ပဲတီစိမ်းစိုက် တောင်သူများအတွက် ငွေကျပ် သိန်း ၄၀၀ နှင့် နေကြာစိုက်တောင်သူများအတွက် သိန်း ၄၀၊ ဓနုကတိုက်ကျေးရွာ ပဲတီစိမ်းစိုက်တောင်သူများအတွက် ငွေကျပ် သိန်း ၆၀၀ နှင့် သောင်ကြီးကျေးရွာ ပဲတီစိမ်းတောင်သူများအတွက် သိန်း ၆၀၀ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း လာမည့်မိုးစပါးစိုက်ရာသီ၌ တစ်ဧကလျှင် ၂၀၀၀၀၀ ကျပ်နှုန်းဖြင့် သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကပေါင်း ၃၀၀၀ အတွက် ထုတ်ပေးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နဒီ(ပြန်/ဆက်)