တာချီလိတ် မတ် ၂၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့ရာတွင် NPO များကို အလွဲသုံးစားပြုခြင်းဆိုင်ရာ ကိစ္စရပ်များ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ခရိုင်/မြို့နယ်စုပေါင်းရုံး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မှတ်ပုံတင်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာတားမြစ်ချက်နှင့်ပြစ်ဒဏ်များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးစီးဆင်း/ စီမံခန့်ခွဲသုံးစွဲ/ ထောက်ပံ့ခြင်းများ ရှောင်ကြဉ်ရန်စသည့်ကိစ္စရပ်များအား ရှင်းလင်းမှာကြားခဲ့သည်။ ထို့နောက် ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ အဖွဲ့ဝင်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ဦးသိန်းထွန်းအောင်က အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့ရာတွင် NPO များကို အလွဲသုံးစားပြုခြင်းဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးမင်းမင်းစိုးက အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ရာ ခရိုင်/ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့များမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို တာချီလိတ်ခရိုင် မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ခရိုင်/ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ အဆင့်ဆင့်တွင် မှတ်ပုံတင်ထားရှိသည့် အသင်းအဖွဲ့ ၂၅ ဖွဲ့မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)