ဒလ မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်များအား ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌဦးသန်းဝင်က မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ရေရှည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ကော်မတီဝင်နှင့် စာကြည့်တိုက်မှူးများ အထူးဂရုစိုက်အလေးထား ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာအုပ်လှူဒါန်းပွဲပြုလုပ်ရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းသော စာအုပ်များကို ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ်မှာလည်း စာကြည့်တိုက်(၈)တိုက်ကို လှူဒါန်းပြီးဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ စာကြည့်တိုက်များကိုလည်း ပုံမှန်ဖွင့်လှစ်စေလိုပါကြောင်းနှင့် စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေ လိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှလှူဒါန်းသော စာအုပ်များကို မြို့နယ်အတွင်းရှိ ပညာ့ဂုဏ်ရည် စာကြည့်တိုက်၊ မြို့မစာကြည့်တိုက်၊ ပြည်သူ့အလင်းရောင်စာကြည့်တိုက်၊ အလင်းရောင် စာကြည့်တိုက်၊ ရွှေညောင်ပင်စာကြည့်တိုက်၊ ကမ်းလက်များစာကြည့်တိုက်၊ အောင်နိုင်သူ စာကြည့်တိုက်နှင့် ဒို့ကျေးရွာစာကြည့်တိုက်တို့အတွက် စာအုပ်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းမှ စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်ထံသို့ ပေးအပ်လှူဒါန်း၍ စာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌမှ တစ်ဆင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်မှူးများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)