ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ငလိုက်ချောင်းကူး သံကူကွန်ကရစ်တံတားသစ်ဖွင့်လှစ်

ဥတ္တရသီရိ မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ငလိုက်ချောင်းကူး သံကူကွန်ကရစ်တံတားဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မောင်းရမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းညွန့်က တံတားတည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ကျေးရွာနေပြည်သူ ဦးသန်းဇော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးမျိုးချစ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးမျိုးချစ်၊ မောင်းရမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းညွှန့်၊ အလှူရှင် ဦးမင်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြရာ ကျေးရွာနေပြည်သူ ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါသံကူ ကွန်ကရစ်တံတားသည် အလျား ၁၄၀ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၂၅ ပေရှိပြီး စုစုပေါင်းကုန်ကျငွေကျပ် သိန်း ၄၂၀ ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)