တန့်ယန်းမြို့နယ်တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ဒုတိယအကြိမ်ဆွေးနွေး

တန့်ယန်း မတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ အတွင်းရေးမှူး ရဲမှူးမျိုးနိုင်နှင့် ဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးညှိနှိုင်း ကြသည်။

ညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့် တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်များမှ သင်္ကြန်ကာလအတွင်း စတုဒီသာကျွေးမွေးခြင်း၊ ယိမ်းအဖွဲ့များဖြင့် တင်ဆက်ကပြခြင်းတို့ဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်ကို  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)