ဇေယျာသီရိ မတ် ၂၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ရတနာစံကျောင်းတိုက်ရှိ ရတနာဘိမတဗိမာန်တော်၌ ကျင်းပခဲ့သည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးဝေဖြိုးအောင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို အလှည့်ကျဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းတွင် ၁၂ ပါး၊ ပထမလတ်တန်း ၂ ပါး၊ ပထမငယ်တန်း ၂၂ ပါးနှင့် အခြေပြုမူလတန်း ၄၁ ပါး လူပုဂ္ဂိုလ် ၁ ဦး စုစုပေါင်း ၇၉ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
ထွန်းလင်း(ဇေယျာမြေ)