ထန်းတပင်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေညာရာတွင် ပထမအကြိမ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေထက် သုံးထောင်ကျော်တိုးမြှင့်လာ

ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၂


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၉)အုပ်စုရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာခဲ့ရာ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၂၈၈၁၃)ဦး ထိရှိနေပြီး ပထမအကြိမ် ကပ်ထားကြေညာ ခဲ့သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေထက် မဲဆန္ဒရှင်ဦးရေ သုံးထောင်ကျော်ထိ ထပ်မံတိုးမြှင့် လာကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေက (၁၂၅၂၂၄) ဦးထိရှိ တယ်၊ အခု ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းတွေ ကပ်ထားကြေညာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမျိုးသားက (၆၀၇၄၇)ဦး၊ အမျိုးသမီးက (၆၈၀၆၆)ဦး စုစုပေါင်း (၁၂၈၈၁၃)ဦး ဆိုတော့ ပထမအကြိမ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေထက်(၃၅၈၉)ဦး ထပ်တိုးလာတယ်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးတင့်ကရှင်းပြသည်။
ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာ၌ မဲဆန္ဒရှင်စာရင်းတွင် မိမိ၏ အမည်မပါရှိပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ အချက်အလက်များ မမှန်ကန်ပါ ကလည်း ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ ကွယ်လွန်သူများနှင့် မဲပေးပိုင်ခွင့်မရှိသူများ ပါဝင်နေပါ ကလည်း အထောက်အထားများနှင့် အတူပုံစံ (၄)ဖြင့်လည်းကောင်း မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာပြီးသည့်နောက် (၁၄)ရက်အတွင်း ဖြည့်စွက်၊ ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ပြီး ပုံစံများကိုလည်း ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် (အခမဲ့)တောင်းယူနိုင်ကြောင်း သိရ သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင် ရေးအတွက် ဒုတိယအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာလ (၁၄)ရက် နေ့အထိ (၁၄)ရက်တာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာသွားမည်ဖြစ်ဖြစ်ပြီး မြို့နယ်အတွင်း မဲရုံပေါင်း(၁၁၉)ရုံထားရှိ သွားမည်ဖြစ်ကြောင်းလည်း သိရ သည်။    
ဇင်မင်းထိုက်(ပြန်/ဆက်)