ပင်းတယ မတ် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များအား စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းအားဖြင့် စာပေအသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက စာဖတ်ဝိုင်း ကျင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်မင်းစိုးရေးသားသည့် “လူငယ်နဲ့လူမှုရေး” စာအုပ်ထဲမှ လူငယ်နှင့် ဝါသနာဟူသည့် ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်)မှ အထက်တန်းကျောင်းသူ မမြတ်ဆုလွင်က “လူငယ်နဲ့ပြိုင်ပွဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား /ကျောင်းသူများနှင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)