လမ်းမတော်မြို့နယ်တွင် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

လမ်းမတော် အောက်တိုဘာ ၂

လမ်းမတော်မြို့နယ် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ၏ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများအရ ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ် (၁၄)ရက်ကြာ ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

မဲစာရင်းများ ကပ်ထားကြေညာရာတွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာခြင်းနှင့် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်း ကြည့်ရှု စစ်ဆေးမည့် Web  findyourpollingstation.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင် သည့်အပြင် Mobile Application ဖြစ်သော findyourpollingstation.apk ကို Download ရယူပြီး မဲစာရင်းတွင် မိမိအမည် ပါ/မပါ ကြည့်ရှုစစ်ဆေးနိုင်ပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ stay at home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများ မဲဆန္ဒရှင်စာရင်း လာရောက် ကြည့်ရှုရာတွင် အခက်အခဲရှိနိုင်သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ဆောင်ရွက်ထားသော ၂၆.၉.၂၀၂၀ ရက်ထိ ပြုစုထားသည့် မဲဆန္ဒရှင်စာရင်း ထည့်သွင်းထားသည့် web application ဖြစ်သော http://bit.ly/yangon-voters တွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ ပုံစံများဖြင့် ဆက်သွယ်လျှောက်ထားခြင်း ဆောင်ရွက်နိုင်ပါကြောင်း သိရှိရသည်။

ကျော်ဆန်းမြင့်(လမ်းမတော် ပြန်/ဆက်)