မိုင်းယောင်း အောက်တိုဘာ ၂
၂၀၂၀ ပြည့်နှစ်၊ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ အောက်တိုဘာ ၁ ရက်မှစတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အဆိုပါကြေညာချက်တွင် မဲဆန္ဒရှင်စာရင်းများကို အသေးစိတ်ဖော်ပြထားသည့်အပြင် မိမိတို့၏အမည် မပါသူများ၊ အမည် သို့မဟုတ် အချက်အလက် မှားယွင်းမှုများ၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ ခေတ္တလာရောက်နေထိုင်သူများ၏ အကြောင်းအရာများ စသည့်အချက်များနှင့် စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်လျှောက်ထားရန် အချက်များကို ဖော်ပြထားပြီး အောက်တိုဘာ ၁၄ ရက်ထိ လျှောက်ထားနိုင်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် မဲရုံပေါင်း ၆၈ ရုံ ဖွင့်လှစ်ရန် လျာထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၆၅၄၉ ဦး ရှိကြောင်း၊ မဲစာရင်းတွင် မိမိတို့၏ အမည်ပါ၊ မပါ သွားရောက်ကြည့်ရှုကြရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးစိုင်းမှိုင်ခမ်းထံမှ သိရသည်။
စိုင်းအောင်ဇော်လင်း