မချမ်းဘော့ မတ် ၂၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် လူမှုဘဝစီးပွားဖွံဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်မှ ထုတ်ချေးပေးသော နိုင်ငံစီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေ(ထပ်ဆောင်း) သိန်း၈၈၀ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လည် ၁၂နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မလိခ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မွေးမြူရေးအတွက် မတည်ရန်ပုံငွေ ကျပ်သိန်း (၄၈၀)ကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကျေးရွာစီမံကိန်းကော်မတီအဖွဲ့ထံသို့လည်းကောင်း၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေးအတွက် မတည်ရန်ပုံငွေ ကျပ်သိန်း (၂၀၀) ကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးအတွက် မတည်ရန်ပုံငွေ ကျပ်သိန်း (၂၀၀)ကို လည်းကောင်း ကျေးရွာစီမံကိန်းကော်မတီအဖွဲ့ထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချေးငွေ ထပ်ဆောင်းထောက်ပံ့ရန်ပုံငွေဖြင့် ငါးမွေးမြူရေးကို မြို့ပေါ် ၄()ရပ်ကွက်နှင့် အင်ဘူးဘော့၊ မန်နို၊ ပန်ဆပ်၊ ဇော်ကန်၊ ခန်ကျို၊ နန်စပွန်၊ နမ်ခမ်ကျေးရွာများရှိ ငါးမွေးတောင်သူ ၄၈ဦးကလည်းကောင်း၊ စိုက်ပျိုးရေးကို မြို့ပေါ်(၄)ရပ်ကွက်ရှိ တောင်သူ၁၆ဦးကလည်းကောင်း၊ ဝက်မွေးမြူရေးကို မြို့ပေါ် အမှတ်၃၊ အမှတ်၄ ရပ်ကွက်ရှိ တောင်သူ ၄၀ဦးတို့ကလည်းကောင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)