မူဆယ် မတ် ၂၈
နွေဦးပွင်းလင်းရာသီတွင် မြန်မာ့ဓလေ့ထုံးတမ်းများနှင့်အညီ ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများ ကျင်းပသကဲ့သို့ ရှမ်းလူမျိုးတို့ဓလေ့အစဉ်အလာများနှင့်အတူ မိမိတို့၏သားငယ်၊ သမီးငယ်များကို ရှမ်းရိုးရာ ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ရှေးမူရှေးဓလေ့မပျက် နှစ်စဉ်ကျင်းပလျက်ရှိပါသည်။
ရှမ်းရိုးရာရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများကို ရှမ်းပြည်နယ်တွင် တပေါင်းလဆန်းပိုင်းလောက်မှ တန်ခူးလအကျော်အထိ စိုက်ပျိုးသီးနှံများရိတ်သိမ်းပြီးချိန် ဆောင်းအကုန်နွေအကူး မိုးလေကင်းလွတ်ချိန်တွင် ချိမ့်ချိမ့်သဲကျင်းပဆောင်ရွက်ကြပါသည်။ ရှမ်းရိုးရာအတိုင်း ရှင်ပြုနားသပြုလုပ်မည့် မိမိတို့၏ သားငယ်၊ သမီးငယ်များကို ရှင်ပြုနားသဝတ်စုံများဝတ်ဆင်၍ ရှင်လောင်းလှည်းယာဉ်များနှင့် ရှင်လောင်း သယ်ပိုးမြင်းများကို အသုံးပြုခြင်းမရှိပဲ ရိုးရာဓလေ့အတိုင်း မောင်ရှင်လောင်းကို ကျောကုန်းထက်ပိုးပြီး မြို့အနှံလှည်လည်ကျင်းပကြပါသည်။ ထို့အတူ အလှူဒါယကာ/အလှူဒါယကာမများကလည်း ရှမ်းရိုးရာဝတ်စုံများ ဝတ်ဆင်၍ လှူဖွယ်ဝတ္ထုအစုစုများကို ကိုင်ဆောင်လှည့်လည်ကြပြီး ရှမ်းရိုးရာအကအလှများ၊ရှမ်းအိုး စည်ဗုံမောင်းများတီးခတ်ပြီး ပျော်ပျော်ရွှင်ရွှင်ကခုန်လျက် လှည့်လည်ကျင်းပကြပါသည်။ ထို့အပြင် ရှမ်းရိုးရာဝတ်စုံ များဝတ်ဆင်ထားသော ရှမ်းလှပျိုဖြူလေးများကလည်း ရှင်ပြုနားသအလှူတော်မင်္ဂလာအတွက် လှူဖွယ် ပစ္စည်းများနှင့်အလှပန်းအိုးများကို စီစီရီရီကိုင်ဆောင်၍ အလှူတော်မင်္ဂလာကျင်းပမည့် ဘုန်းတော်ကြီးကျောင်းသို့ စုပေါင်းလှည့်လည်ခဲ့ကြပါသည်။
အဆိုပါရှမ်းရိုးရာရှင်ပြုအလှူတော်မင်္ဂလာပွဲများသည် ရှမ်းလူမျိုးတို့၏ ချစ်စဖွယ်ရိုးရာဓလေ့အစဉ်အလာတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ရိုးရာယဉ်ကျေးမှုတစ်ခုအနေဖြင့် စဉ်ဆက်မပျက် ကျင်းပဆောင်ရွက်နေကြောင်း သိရှိရပါသည်။
ဆက်ပိုင်(ပြန်/ဆက်)