ဘူးသီးတောင်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆို

ဘူးသီးတောင် မတ် ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမ ပြန်စာမေးပွဲကို စာဖြေဌာနဖြစ်သည့် ဘူးသီးတောင် မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နေ့လည်(၁၂)နာရီအချိန်က စတင် ကျင်းပရာစာဖြေသံဃာများ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် အခြေပြုမှုလတန်း၊ ပထမငယ်တန်း၊ ပထမကြီးတန်းဝင်ရောက်ဖြေဆိုကြရာ မြို့နယ်သံဃာနာယကအဖွဲ့မှ ဆရာတော်ကြီးများ၊ ဩဝါဒစရိယဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့များတို့က စာဖြေသံဃာတော်များအေးချမ်းစွာ ဖြေဆိုနိုင်ရေးကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများတို့က စာမေးပွဲဖြေဆိုနေမှုအား သွားရောက် ကြည်ညို ကာဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီး တန်း(၁)ပါး၊ ပထမငယ်တန်း(၆)ပါးနှင့် အခြေပြုမှုလတန်း(၇)ပါး၊ စုစုပေါင်း(၁၄)ပါး ဝင်ရောက် ဖြေဆိုလျက်ရှိပြီး စာရင်းပေးသွင်းထားသူ စာဖြေသံဃာစုစုပေါင်း(၂၅)ပါး ရှိကြောင်း မြို့နယ် သာသနာရေးဦးစီးဌာနမှ သိရသည်။

လှကျော်(ပြန်/ဆက်)