ရွှေကူ အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ဧရာဝတီမြစ်ရေများဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ ဆောင်ရွက်ထားရှိသော ရေဘေးသင့်အိမ်ထောင်စုများအတွက်ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းသိန်းထွန်း၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ခံ ဦးနေဆန်းလင်းနှင့် ဦးကျော်သူတို့က ဧရာဝတီမြစ်ရေများ ဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ ဆောင်ရွက်ထားရှိသော ရွှေကူမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု (၃၅)စုရှိ လူဦးရေ (၁၅၅)ဦးအား နှာခေါင်းစည်း(Mask) ၁၅၅ ခု၊ ဆပ်ပြာချောင်း (၃၅) ချောင်းနှင့် အိမ်ထောင်စု တစ်စုမှ တစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀) နှုန်းဖြင့် လူဦးရေ ၁၅၅ ဦးအတွက် ထောက်ပံ့ငွေ (၃၂၅၅၀၀) ကျပ်အား ရေဘေးသင့်ပြည်သူများထံ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်သော အိမ်ထောင်စုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများက ရွှေကူမြို့ ဘောဂဗလရပ်ကွက် အခြေခံပညာကျောင်း၊ မြဝတီဘုန်းတော်ကြီး ကျောင်းနှင့် အောင်တော်မူ ဘုရားတို့တွင် ယာယီ ပြောင်းရွှေ့ကာ နေရာချထားကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)