မိုင်းပန်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေးအတွက် အထူးရဲသင်တန်း ဖွင့်လှစ်

 

မိုင်းပန်  အောက်တိုဘာ               ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မရဲစခန်း၌ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အထူးရဲသင်တန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းသား ၃၂ ဦး တက်ရောက် လျက်ရှိကြောင်းသိရသည်။  သင်တန်း ကာလ အနေဖြင့် (၂၈) ရက် ကြာမြင့်မည်ဖြစ်ပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရဲကျင့်ဝတ်ဘာသာရပ်၊ လူ့အခွင့် အရေးဘာသာရပ် ပြည်သူ လူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ရာဇသတ်ကြီး ဥပဒေဘာသာရပ်၊ ရဲအက်ဥပဒေဘာသာရပ်၊ ရာဇဝတ် ကျင့်ထုံး ဥပဒေဘာသာရပ်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် သိမှတ် ဖွယ်ရာများ၊ သတင်းမီဒီယာ ဥပဒေနှင့်ကျင့်ဝတ်၊ ကိုယ်လက်ကြံ့ခိုင်ရေး၊ လက်နက်မဲ့စစ်ရေးပြ စသည့် ဘာသာ ရပ်များကို သင်တန်းမှူး ရဲအုပ် အောင်မျိုးမင်းနှင့် အခြား သင်တန်းနည်းပြ (၃) ဦးတို့မှ စာတွေ့ လက်တွေ့ သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ မိုင်းပန် မြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၁ဝ)အုပ်စုရှိ မဲရုံ(၃၂)ရုံတွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်ရန် အထူးရဲ ၃၂ ဦးအား ခန့်ထား ပြီး သင်တန်းဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဆန်းမြင့်(ပြန်/ဆက်)