မောက်မယ်မြို့နယ်တွင် ဖူးစားပြောင်း စျေးကောင်းသဖြင့် ဒေသခံတောင်သူများ အဆင်ပြေလျက်ရှိ

မောက်မယ် မတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းများ စျေးကောင်းသဖြင့် ဖူးစားပြောင်းသီးနှံစိုက် တောင်သူမိသားစုဝင်များ အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ဖူးစားပြောင်းသီးနှံစိုက်တောင်သူများသည် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုး ထားရာမှ ယခင်နှစ်များထက် စျေးကောင်းရကာ လာမည့်နှစ်များတွင်လည်း ပြောင်းများ ပိုမိုတိုးချဲ့ စိုက်ပျိုးတော့မည်။ မောက်မယ်မြို့နယ်အတွင်း ဒေသခံတောင်သူများ နွေ ၊ မိုး ၊ ဆောင်း သုံးရာသီလုံး ဖူးစားပြောင်းသီးနှံစိုက်ပျိုးရာတွင် အတန်းလိုက် ဂျောင်းစနစ်ဖြင့် စိုက်ပျိုးကြပြီး ပြောင်းပင်များ ကြီးလာပါက အပွင့်မပွင့်မီနှင့်အပွင့်ပွင့်ချိန် ၊ သီးကင်းလိုက်ချိန်တွင်ပိုးသတ်ဆေးများ ၊ မှိုသတ်ဆေးများ ပက်ဖြန်းရကြောင်း ရေကိုမြေအောက်ရေနှင့် နမ့်ယွန်းချောင်းရေကိုအသုံးပြုကာ မိသားစုတစ်ပိုင် တစ်နိုင် စိုက်ပျိုးနိုင်သဖြင့် မြေဆွပေးခြင်း ၊ ပေါင်းသင်ပေးခြင်းများပြုလုပ်ပေးကာ အသီးရင့်၍ဆွတ်ခူး သည့် အချိန်မှရက်ပေါင်း(၃၀)အထိ  ပြောင်းဖူးစတင် ခူးဆွတ်ရောင်းချရပြီး တစ်ဖူးကို (၂၅၀) ကျပ် ရောင်းချရသဖြင့် ဖူးစားပြောင်းများကို ဟိုလွိုင်ကျေးရွာအုပ်စု၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ စဉ့်ဆိုင် ကျေးရွာအုပ်စု၊ နမ့်လွတ်ကျေးရွာအုပ်စုများရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း တောင်သူများက ပြောပြသည်။

           

စိုင်းမျိုးသန့်(မောက်မယ်)