ကွတ်ခိုင် မတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့် အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေဂန္ဓမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကွတ်ခိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွှန့်က အဖွင့်အမှာစကားပြောကြားရာ မူလတန်းအဆင့် ဆရာ၊ ဆရာမများအနေဖြင့် ယခုအခါသင်ကြားမှုမျာ၊ သင်ယူမှုများပြောင်းလဲလာသည့်အတွက် ယခင်နှစ်များအတွင်းတွင် မိမိတို့၏ သင်ကြားပြသမှုများ၌ လိုအပ်သည့်အချက်များကို ဤ(၄)ရက်တာသင်တန်းတွင်ဆွေးနွေးကြပြီး လက်တွေပြန်လည်သင်ကြားရာတွင် ယခင်ထက်ပို၍တိုးတက်ပြီး ထိထိရောက်ရောက်သင်ကြားနိုင်ရန်အတွက် ကြိုးစားပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြမြဦးက လမ်းညွှန်အမှာစကားပြောကြားပြီးနောက် မုန်းဝန်းယဥ်ကျေးမှုအဖွဲ့ကိုယ်စား ဦးခင်မောင်က အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲအတွက် အလှူငွေကျပ် (၂၀၀၀၀၀/-)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ခုနှစ်၊ မြို့နယ်အဆင့်အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ်လ (၂၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၄)ရက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)