ဗန်းမော် မတ် ၂၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဆရာကြီး ဦးထွန်းအေးကျော်က မြို့နယ်အဆင့် ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ အားလုံးပါဝင်ဆွေးနွေးကြရန် လိုအပ်ကြောင်း၊ ပညာရေးနှင့် ပတ်သက်သည့် သတင်းအချက် အလက်များကိုလည်း သိရှိထားရန် လိုအပ်ကြောင်းနှင့် သို့မှသာ မိဘများနှင့် ပူပေါင်းဆောင်ရွက်သည့် အခါ အဆင်ပြေပြေ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဆရာကြီးအနေဖြင့် ဗန်းမော်မြို့နယ်၏ ဆွေးနွေးပွဲတွင် ကြီးကြပ်အဖြစ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအားလုံး ဆွေးနွေးပွဲ ကို အဆင်ပြေပြေ ချောချောမွေ့မွေ့နှင့် ဆွေးနွေးပွဲကာလ ပြီးဆုံးသည်အထိ တက်ရောက်နိုင်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ထုလွမ်က ဆွေးနွေးပွဲကို တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ အနေဖြင့် ဆွေးနွေးပွဲကချမှတ်သည့် စည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများဖြစ်သည့် အတွက် ဝတ်စားဆင်ယင်မှုကိုလည်း ဂရုစိုက်ရန်လိုအပ်ကြောင်း ဆွေးနွေးပွဲကာလမှာ (၄)ရက်သာဖြစ်သည့်အတွက် ပျက်ကွက်မှုမရှိစေရန် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ ဆွေးနွေးကြရာတွင်လည်း ထိထိ ရောက်ရောက်နှင့် အားလုံးပါဝင်ဆွေးနွေးကြရန်လိုအပ်ကြောင်း ဆွေးနွေးပွဲနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ သည်။
အဆိုပါ ဆွေးနွေးပွဲကို ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ဆရာ၊ ဆရာမ (၄၅၅)ဦး တက်ရောက် ဆွေးနွေးကြမည်ဖြစ်ပြီး နည်းပြဆရာ၊ ဆရာမ (၃၀) ဦးက ဦးဆောင်၍ ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်