မြစ်ကြီးနားမြို့၌ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

မြစ်ကြီးနား မတ် ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည် မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနား ကို မြစ်ကြီးနားမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်ခင်နှင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြစ်ကြီးနားမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကေသီဝင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာလိုအပ်ချက်များ မှာကြားပြီး မြစ်ကြီးနားမြို့နယ် ဒုတိယ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးယောဆက်က သင်တန်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်း ချက်များအား ပြောကြားခဲ့သည်။

ယင်းနောက် မြစ်ကြီးနားမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ကေဒီဆိုင်းပန်က အိပ်ဆောင်စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူလတန်းအဆင့် KG မှ G - 5 အထိ ဘာသာရပ်အလိုက် သင်ကြားမည့် ဆရာ/ဆရာမ (၉၆၅) ဦးတို့အား ဘာသာရပ် အလိုက် စွမ်းရည်မြှင့် ရက်တို သင်တန်းကို မတ်လ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့အထိ (၄) ရက်ကြာ သင်တန်း နည်းပြ ဆရာကြီး/ ဆရာမကြီး (၃၂) ဦးတို့က သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)