ပူတာအို မတ် ၂၇
ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့၌ လီဆူမျိုးနွယ်၀င် နောလူမျိုးစုများ စာပေရက် တိုသင်တန်းကို ယနေ့နံနက် ၉ ခွဲက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ နောစာပေကော်မတီရုံး သံလွင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နောစာပေကော်မတီဥက္ကဋ္ဌ ဦးခင်ဖန်ယာကုက နွေရာသီအားလပ်ရက်များတွင် ကလေး ငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး မိမိတို့ နောလူမျိုးများ၏ စာပေ၊ဘာသာစကားများ မပျောက်ပျက်အောင် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ပြီးစာပေရက်တိုသင်တန်း ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းနှင့် ယခုသင်တန်းမှ ပို့ချပေးမည့် ဘာသာရပ်များအား ကောင်းကောင်းမွန်မွန် သင်ယူမှတ်သားစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် သင်တန်းနည်းပြဆရာ ဦးညဲဝူ၊ နည်းပြဆရာဦးဆီးဆာနှင့် နည်းပြဆရာ ဦးခင်ဖန်၀မ်းဖုန်တို့က သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များနှင့် နည်းပြဆရာ/မများအား တစ်ဦးချင်း မိတ်ဆက်ရှင်းလင်းသည်။
ထို့နောက် တက်ရောက်လာကြသည့် သင်တန်းသူ/ သင်တန်းသားများအား အငယ်တန်း၊ အကြီးတန်းနှစ်ခန်းခွဲပြီး သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ၂၇ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ (၅) ရက်ကြာ ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းသို့ ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်များမှ နောလူမျိုးစုများ သင်တန်းသူ၊ သင်တန်းသား (၁၀၀) ဦးခန့် တက်ရောက်သင်ယူနေကြောင်း သိရသည်။
နောယော်ဘော် (ပြန်/ဆက်)