မူဆယ် အောက်တိုဘာ ၂
တရုတ်နိုင်ငံဘက်၌ စည်ကားသိုက်မြိုက်စွာ အစဉ်အလာကျင်းပပြုလုပ်လျက်ရှိသည့် တရုတ်ရိုးရာ မုန့်စားပွဲတော်ကာလဖြစ်သည့်အတွက် တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကျယ်ဂေါင်နှင့် ဝမ်တိန်မြို့တို့တွင် ဌာနဆိုင်ရာရုံးများ၊ ကုန်စည်ဒိုင်များကို ယာယီပိတ်ထားပြီး မြန်မာ-တရုတ်ကုန်သွယ်စည်းဆင်းမှု အဝင်/အထွက်ဂိတ်များကိုလည်း အောက်တိုဘာလ(၁)ရက်နေ့မှ (၈)ရက်နေ့အထိ ယာယီပိတ်ထားလျက် ရှိသည်။
ယာယီပိတ်ထားရခြင်းအကြောင်းနှင့် သွင်းကုန်/ပို့ကုန်အခြေအနေ
“တရုတ်နိုင်ငံဘက်က (၈)ရက်ပိတ်တယ်ဆိုတာ သူတို့ရိုးရာမုန့်စားပွဲတော်ကာလဖြစ်တဲ့အတွက် နှစ်တိုင်းပိတ်တဲ့လ ဖြစ်ပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာဆိုရင် သင်္ကြန်မှာပိတ်သလိုမျိုးပါပဲ၊ ဒီကာလမှာ ကျွန်တော်တို့နိုင်ငံရဲ့ အဓိကပို့ကုန်တွေကတော့ ဆန်၊ စကွဲ၊ သစ်သီးမျိုးစုံ၊ သကြားရည်၊ ပဲမျိုးစုံ၊ အေးခဲသား၊ အေးခဲငါးတွေ အဓိကတင်ပို့ပါတယ်၊ သွင်းကုန်အနေနဲ့တော့ စိုက်ပျိုးရာသီဖြစ်တဲ့အတွက် ဓာတ်မြေဩဇာ၊ စက်ယန္တရား၊ ဆိုင်ကယ်၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောင်ပစ္စည်းတွေ တင်သွင်းတဲ့အပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့ကာလဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းတွေ အများဆုံး တင်ပို့လာတာကိုလည်း တွေ့ရပါတယ်” ဟု မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးစိုင်းနွံ့က နယ်စပ်ဂိတ်များ ယာယီပိတ်ထားရခြင်းအကြောင်းနှင့် လက်ရှိသွင်းကုန်/ပို့ကုန်အခြေအနေကို ပြောကြားသည်။
နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပ
ယခင်နှစ်၌ တရုတ်နိုင်ငံ၊ ရိုးရာမုန့်စားပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး နှစ်နိုင်ငံကုန်သည်အချင်းချင်း ချစ်ခင်ရင်းနှီးမှုဖြင့် အလွတ်သဘောဖိတ်ခေါ်၍ သွားရောက်တွေ့ဆုံလည်ပတ်ခြင်း၊ အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက် ကာလဖြစ်သည့်အတွက် မူဆယ်မြို့သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များပြားသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားခြင်းကြောင့် နှစ်နိုင်ငံလူအဝင်/ အထွက်ဂိတ်များ ပိတ်ပင်ခြင်း၊ နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)၌ ယာဉ်မောင်းလဲလှယ်ခြင်းစနစ်တို့ကြောင့် ယခင်နှစ်ကဲ့သို့ ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
အောက်တိုဘာလ(၁)နေ့၌ ဝင်/ထွက်သွားလာခွင့်ပြု
တရုတ်နိုင်ငံဘက်က အောက်တိုဘာ(၁)ရက်နေ့မှ စတင်ပိတ်ထားမည်ဟု ထုတ်ပြန်ထားသော်လည်း မူဆယ်မြို့၌ ကုန်သည်ယာဉ်များစုပြုံ၍ စောင့်ဆိုင်းနေခြင်းနှင့် (၈)ရက်ကြာ ယာယီပိတ်ထားမည်ဖြစ်သည့်အတွက် အောက်တိုဘာ(၁)ရက်နေ့တွင် ညနေ(၅)နာရီအချိန်ခန့်အထိ ကုန်တင်ယာဉ်များကို တရုတ်နိုင်ငံဘက်က နားလည်မှုဖြင့် ဝင်ရောက်ခွင့်ပြုထားသည်။ အဆိုပါမုန့်စားပွဲကာလ၌ ယခင်နှစ်များတွင် (၇)ရက်ခန့်သာ ယာယီပိတ်ထားသော်လည်း လက်ရှိကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့်အတွက် တစ်ရက်တိုး(၈)ရက်အထိ ယာယီပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုကို (၈)ရက်ကြာခန့် ယာယီပိတ်ထားသော်လည်း နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုကို ထိခိုက်နစ်နာမှု မရှိကြောင်းလည်း သိရသည်။
“အစဉ်အဆက်ပိတ်လာတဲ့အတွက် ကုန်သည်ကြီး၊ ကုန်သည်တွေကတော့ ဒါတွေကို ကြိုတင်သိထားပြီဖြစ်တဲ့ ပို့ကုန်ယာဉ်တွေ ရပ်နားထားတွေများပါတယ်၊ တရုတ်နိုင်ငံဘက်မှာ ရုံးပိတ်ရက်၊ အလုပ်နားရက်ဆိုတော့ ဌာနဆိုင်ရာရုံး၊ အကောက်ခွန်ဌာနတွေနဲ့ သက်ဆိုင်ရာကုန်စည်ဌာနတွေ အကုန်ပိတ်ထားတဲ့အတွက် ဒီအတောအတွင်းမှာတော့ ပို့ကုန်/သွင်းကုန်တွေ နည်းလာနိုင်ပါတယ်” ဟု ကုန်သွယ်စီးဆင်းမှုအား ထိခိုက်နစ်နာမှုမရှိကြောင်းကို မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ က ပြောကြားသည်။
ကျင်စန်းကျော့ဂိတ်မှ တင်ပို့လျက်ရှိသည့် အေးခဲသားများကို ပိတ်ပင်မည်
အခြားပြည်ပနိုင်ငံဘက်မှ တရုတ်နိုင်ငံကို တင်ပို့နေသည့် အေခဲသားများတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိမှုကြောင့် မြန်မာနိုင်ငံဘက်မှ တင်ပို့နေသည့် အေးခဲသားတင်ပို့မှုကို အောက်တိုဘာလ(၃)ရက်နေ့မှ စတင်ပြီး အထက် တာဝန်ရှိသူများက ပြန်လည်တင်ပို့ရန် ခွင့်ပြုချက်တစ်စုံတစ်ရာမပေးမချင်း(ရက်အကန့်အသတ်မရှိ) ပိတ်ပင်သွားမည်ဟု အေးခဲသားကုန်သည်များထံမှ သိရသည်။
“အောက်တိုဘာလ(၃)ရက်နေ့မှာ အေးခဲသားတင်ပို့မှုတွေကို ရပ်နားပိတ်ပင်တော့မယ့် အကြောင်းကို အေးခဲသားကုန်သည်တွေက လာရောက်ပြီး အကြောင်းကြားလာပါတယ်၊ ဒါကြောင့် အခုရက်ပိုင်းမှာ ကျင်စန်းကျော့ဂိတ်(ဝမ်တိန်ဂိတ်)ကနေ အေးခဲသားတင်ပို့မှု အရမ်းများပြားလာပါတယ်၊ အေးခဲသားကုန်သည် တွေကလည်း ကြိုတင်သိခွင့်ရတဲ့အတွက် အေးခဲသားတင်ပို့မှုနဲ့ပတ်သက်ပြီး တစ်ခြားပြည်ပနိုင်ငံတွေကို ဆက်လက်တင်ပို့နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေဆက်လက်ဆောင်ရွက်နေပါတယ်၊ ဒီဘက်က ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်ဆိုပေမယ့် ပင်လယ်ရေကြောင်းဘက်မှာရော ပိတ်ထားသလား ဆိုတာတော့ ကျွန်တော်တို့လည်း အသိအကျမသိရသေးပါဘူး၊ ဒီဘက်ကုန်သည်တွေကတော့ ကြိုတင်ပြင်ဆင်မှု အချိန်ရတဲ့အတွက် ထိခိုက်နစ်နာမှုတော့ လျော့နည်းလိမ့်မယ်လို့ ထင်ပါတယ်” ဟု မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌက အေးခဲသားတင်ပို့မှု ရက်အကန့်အသတ်မရှိ ပိတ်ပင်သွားမည့်အကြောင်းကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၊ ပြည်တွင်းဒေသအနှံ့မှ ထွက်ရှိသည့် အေးခဲသားများကို ယခင်ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားခင်ကာလက တစ်ရက်လျှင် အမေရိကန်ဒေါ်လာ(၃၀)သန်းရှိ တင်ပို့ယာဉ်စုစုပေါင်း(၂၀)စီးခန့်ဝန်းကျင်ကို ကျင်စန်းကျော့ (ဝမ်တိန်ဂိတ်)မှ နေ့စဉ်တင်ပို့နိုင်ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် တင်ပို့မှုအနည်းငယ်ကျဆင်းလာသည်။ တရုတ်နိုင်ငံဘက်မှ အေးခဲသားတင်ပို့မှုကို ပိတ်ပင်မည့် သတင်းကြောင့် လက်ရှိအချိန်တွင် အေးခဲသားတင်ပို့မှု များပြားကြောင်းလည်း သိရသည်။
“အေးခဲသားတင်ပို့မှုကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်ဆိုတဲ့သတင်းကို တရုတ်နိုင်ငံဘက်က တရားဝင်ထုတ်ပြန်ထားတာတော့ မရှိသေးဘူး၊ ဒါပေမယ့် တရုတ်နိုင်ငံ၊ အေးခဲသားကုမ္ပဏီ တာဝန်ရှိသူတွေကတော့ အောက်တိုဘာလ(၃)ရက်နေ့မှာ စတင်ပိတ်တော့မယ်လို့ ကျွန်တော်တို့ဘက်ကို အကြောင်းကြားလာပါတယ်” ဟု အေးခဲသားကုန်သည်တစ်ဦးက ပြောကြားသည်။
နယ်စပ်ဒေသမူဆယ်မြို့၊ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုတွင် အဓိကအဝင်/အထွက်ဂိတ်ဖြစ်သည့် မန့်ဝိန်းဂိတ်မှ ပို့ကုန်/သွင်းကုန်ယာဉ်မျိုးစုံကို ဝင်/ထွက်သွားလာနေပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကျင်းစန်းကျော့ဂိတ်(ဝမ်တိန်) ဂိတ်မှ အေးခဲသားများနှင့် သစ်သီးမျိုးစုံတို့ကို အဓိက ဝင်/ထွက်သွားလာလျက်ရှိကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)