မချမ်းဘော့ မတ် ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့အထင်ကရနေရာ ကျောက်နဂါးကုန်းတော်ပေါ်တွင် အသံမစဲမဟာပဌာန်း ကျမ်းရွတ်ဖတ်ပူဇော်ပွဲနှင့်အသစ်တည်ထားကိုးကွယ်တော်မူသော နဂါးရုံဘုရားဆင်းတုတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်လှူပွဲကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း(၁၃)ရက်မှတန်ခူးလဆပြည့်ကျော် (၁)ရက်နေ့အထိ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ (၄)ရက်တာစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အသံမစဲမဟာပဌာန်းကျမ်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ဧပြီလ ၂ ရက်နေ့ နံနက် ၉ နာရီတွင် ကျောက်နဂါးကုန်းတော်ပေါ် ရှိအောင်တော်မူအေးစေတီတော်မြတ်ကြီးရင်ပြင်၌ကျင်းပသွားမည်ဖြစ်ပြီး ဧပြီလ ၄ ရက်နေ့အထိ ပင့်သံဃာတော် ၂၄ တို့ပါးဖြင့် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် ကျောက်နဂါးကုန်းတော်ပေါ်၌ အသစ်တည်ထားကိုးကွယ်တော်မူသော နဂါးရုံဘုရားဆင်းတုတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်လှူခြင်းနှင့် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲရေစက်ချလှူဒါန်းပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသံမစဲမဟာပဌာန်းကျမ်းရွတ်ဖတ်ပူဇော်ပွဲနှင့် နဂါးရုံဘုရားဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ပွဲ အခမ်းအနားကို မချမ်းဘော့မြို့တောင်တန်းသာသနာပြုဗဟိုကျောင်း ကျောင်းထိုင်ဆရာတော်ဦးပညာဝရ၏ သြဝါဒကိုခံယူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာများနှင့်မချမ်းဘော့မြို့နယ်ရှိ ဗုဒ္ဓဘာသာဝင်အလှူရှင်အပေါင်းတို့ပူးပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော့)