ပူတာအိုမြို့၌ အခြေခံပညာမူလတန်းအဆင့် ဆေးရောင်ခြယ်နှင့်ဂိမ်းအားကစားပြိုင်ပွဲယှဉ်ပြိုင်

ပူတာအို  မတ်   ၂၆

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင်  ကလေးများအရောင်များကိုခွဲခြားတတ်စေရန်၊ မှတ်ဉာဏ်စွမ်းရည်တိုးတက်စေရန်နှင့် စိတ်ကူးစိတ်သန်းများရှင်သန်လာစေရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းအားကစားပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ခင်သူဇာက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ၏စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၅)ဦးတို့က ဆေးရောင်ခြယ်ပြိုင်ပွဲကိုယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဂိမ်းအားကစားပြိုင်ပွဲတွင် ထိုင်ခုံလုအားကစားပြိုင်ပွဲနည်းနှင့်သတင်းပို့နည်း အားကစားဂိမ်းပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)