တာချီလိတ်မြို့၌ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ပြုလုပ်

တာချီလိတ် မတ် ၂၆

မတ်လ ၂၇ ရက်နေ့၌ ကျရောက်သည့်  (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲအား ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်မှ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူကလေးငယ်များ စာပေနှင့် ထိတွေ့၍ မိမိတို့ နိုင်ငံ၏ အထိမ်းအမှတ်နေ့ရက်များအား သိရှိနားလည် တန်ဘိုးထား ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဦးစီးမှုး ဒေါ်ခိုင်ခိုင်လင်းမှ တပ်မတော်နေ့အကြောင်း သိကောင်းစရာများ၊ တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လွတ်လပ်ရေးခေတ် တပ်မတော်၏ ကြိုးပမ်း ဆောင်ရွက်ခဲ့ပုံများ၊ တပ်မတော် သမိုင်းကြောင်းစဥ်လာများအား အသိပညာဗဟုသုတအဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စာကြည့်တိုက်အတွင်းရှိ နိုင်ငံတော်မှတ်တမ်းစာအုပ်များ၊ တပ်မတော်နေ့ ပိုစတာများ၊  လက်ကမ်းစာစောင်များ၊ အသိပညာပေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား စာပေချစ်မြတ်နိုးသူ လူငယ်များမှ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

အေးအေးလတ်