တောင်ဥက္ကလာပ မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ဥက္ကလာပမြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည့်ညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အတွင်းရေးမှူးဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် စာကြည့်တိုက်များမှ စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏ စာကြည့်တိုက်များ ရှင်သန်အောင်မြင်အောင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် သုတဘဏ်စာကြည့်တိုက်နှင့် ရည်ညွှန်းစာကြည့်တိုက်များသို့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းတို့က လှူဒါန်းသည့် စာအုပ်များကို ထပ်ဆင့်လှူဒါန်းပေးခဲ့ရာ သက်ဆိုင်ရာစာကြည့်တိုက်များက တာဝန်ရှိသူအသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)