တွံတေး မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် အစိုးရ ရုံးပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့များတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း ရွှေဆံတော်ဂေါပကဥက္ကဋ္ဌထံမှ သိရသည်။
ရွှေဆံတော်စေတီတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများထဲတွင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးပြီးလျှင် ဒုတိယဥာဏ်တော်အမြင့်ဆုံးနှင့် မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထအမြင့်ဆုံး စေတီတစ်ဆူဖြစ်ကြောင်း သိရသည်။
ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရန်အတွက် ဘာသာရေး အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများက စဥ်ဆက်မပြတ် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုအခါတွင် စေတီတော်မြတ်ကြီး ကြံခိုင်မှုရှိရေးအတွက် စေတီတော်ကြီး၏ ကြေးဝန်းတော်ငါးဆင့်အား အလှူရှင်များ၏ ကောင်းမှုဖြင့် ၉လက်မပတ်လည် ကြေးပြားသင်္ကန်တော်များ ကပ်လှူလျက်ရှိပြီး စေတီတော် ရင်ပြင်တွင်လည်း အပူ၊ အအေးခံ စကျင်ကျောက်ပြားများခင်းခြင်း၊ တန်ဆောင်းများ ဆေးသုတ် မွမ်းမံခြင်း၊ ဆီးမီးထွန်းသည့် ခုံများ အသစ်ပြန်လည် တည်ဆောက်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရွှေဆံတော် ဂေါပကဘဏ္ဍာတော်ထိန်းအဖွဲ့မှ ဘုရားဖူးလာပြည်သူများ စိတ်ချမ်းသာမှုရှိစေရေး အတွက် သန့်ရှင်းရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ လုံခြုံရေးဝန်ထမ်းများ ထားရှိပေထားသည့်အပြင် CCTV များ စေတီတော်ပတ်ပတ်လည်နှင့် အတက်အဆင်း တန်ဆောင်းမုဒ်များ၌လည်း တပ်ဆင်ထားကြောင်း ရွှေဆံတော်ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌထံမှ သိရှိရသည်။
တွံတေးသား