သီပေါ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သာသနာ ၂၅၀၀ ပရိယတ္တိ စာသင်တိုက်ရှိ ဆွမ်းစားဆောင်တွင် ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်မှစတင်၍ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေး ဆောင်ရွက်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်များအား သီပေါမြို့မရဲစခန်းမှ အထူးရဲ သင်တန်းဖွင့်လှစ် ပို့ချခဲ့သည်။
သီပေါမြို့နယ်အတွင်းရှိ မဲရုံ(၁၁၁)ရုံအတွက် အထူးရဲတပ်ဖွဲ့ဝင်(၁၁၆)ဦး ခန့်အပ်ထားရှိကာ ယနေ့ သင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင်(၅၃)ဦး တက်ရောက်ကြပြီး ကျန်ရှိသည့် ရဲတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ ကျေးရွာတွင် သင်တန်းဆက်လက်ပို့ချ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းမှူးအဖြစ် သီပေါမြို့မရဲစခန်းမှ ရဲအုပ်သန်းဇော်ဝင်းက သင်တန်းသားများကို အနီးကပ် ကွပ်ကဲအုပ်ချုပ်သွားမည်ဖြစ်ကာ သင်တန်းနည်းပြအဖြစ် ဒုရဲအုပ်ရဲသီဟမှ တာဝန်ယူ ဆောင်ရွက်သွားဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးရဲသင်တန်းတွင် မဲရုံလုံခြုံရေးကိစ္စရပ်များ၊ ဥပဒေနည်းဥပဒေများ၊ ရဲကျင့်ဝတ်များနှင့် စစ်ရေးပြ ဘာသာရပ်များအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းကာလမှာ အောက်တိုဘာ (၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်း၊ သစ်ပင်ခြုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်း၊ အာရုံဆွမ်းနှင့် နေ့ဆွမ်း ဆက်ကပ်ခြင်းများဖြင့် ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)