ညောင်ဦး မတ် ၂၆
မန္တလေးတိုင်ဒေသကြီး ညောင်ဦးမြို့နယ်တွင် မန်ကျည်းသီးမှည့်များ ပေါ်နေပြီဖြစ်ရာ မန်ကျည်းသီးမှည့် အငှားဆွတ်ခူး (ပုတ်ခြင်း)သူများနှင့် မန်ကျည်းသီးမှည့် အငှားလိုက် ကောက်သူများ မိသားစုဝင် ငွေတွက်ခြေကိုက်နေကြကြောင်း စက်စက်ယိုကျေးရွာ မန်ကျည်း အငှားလိုက်ခူး(ပုတ်)သူ ဦးနေထွန်းထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် မန်ကျည်းသီးမှည့်များ စတင်ဆွတ်ခူးရောင်းချနေပြီဖြစ်ရာ မန်ကျည်းသီး ဆွတ်ခူးရာတွင် နေ့တစ်ပိုင်း ငါးထောင်ကျပ်နှင့် တစ်နေကုန် ခုနှစ်ထောင်ကျပ်ပေးရပြီး၊ ဆွတ်ပြီးသား မန်ကျည်းသီးကောက်သမတစ်ဦးလျှင် နေ့တဝက် သုံးထောင်ကျပ်နှင့် တစ်နေကုန် လေးထောင်ကျပ်ရရှိခြင်းကြောင့် နွေဦးပေါက်ရာသီ အလုပ်အကိုင်မရှိချိန် မန်ကျည်သီးမှည့် ပေါ်ချိန် မန်းကျည်းပင်ပိုင်ရှင်များက အငှားခေါ်ခြင်းကြောင့် မိသားစုဝင်ငွေရရှိနေကြောင်းလည်း သိရသည်။ မန်ကျည်းသီးမှည့်များအား ကျောက်ပန်းတောင်းမြို့ မန်ကျည်းပွဲရုံများသို့ သွားရောက် ရောင်းချခြင်း၊ ဒေသခံ မန်ကျည်းပွဲရုံများသို့ ရောင်းချလျက်ရှိရာ မန်ကျည်းခွံနွှာပြီး အကြောနှင့် စေ့မထုတ်ရသေးသော မန်ကျည်းသီးမှည့်တစ်ပိသာ တစ်ထောင်သုံးရာကျပ်၊ အခွံ၊ အကြော၊ စေ့ထုတ်ပြီးသား မန်ကျည်းသီးမှည့် အသားတစ်ပိသာ သုံးထောင်ကျပ် ရောင်းချကြောင်း သိရသည်။ မန်ကျည်းသီး အကြောသင်၊ အစေ့ထုတ်ခ တစ်ပိသာသုံးရာကျပ် ပေးရကြောင်း (အရပ်အခေါ် မန်ကျည်းထုဟုခေါ်)၊ မန်ကျည်းထုရာတွင် အလုပ်သမားတစ်ဦး တစ်ရက်ဆယ့်ငါးပိသာမှ ဆယ့်ခုနှစ်ပိသာထိ မန်ကျည်းထုနိုင်ကြကြောင်းလည်း သိရသည်။ ထုပြီးသား မန်ကျည်းစေ့များကိုလည်း တစ်တင်းငါးထောင်ကျပ် ရောင်းချရကြောင်း၊ အခွံ၊ အကြော၊ အစေ့ထုတ်ပြီးသား မန်ကျည်းအသားဖတ်များကို အမိုးအကာလုံခြုံသည့်နေရာများတွင် ဆေးလိပ်ပို၊ ပုတ်၊ ကတ္ထူပုံးများဖြင့် ထားရှိခြင်း၊ မန်ကျည်းလှောင်စင်များတွင် ထားရှိ လှောင်ထားကြပြီး ဈေးကောင်းချိန်ပြန် လည်ရောင်းချကြကြောင်း သိရပြီး ညောင်ဦး မြို့နယ်ဘက်တွင် မန်ကျည်းသီးဆွတ်ခူးသူ တစ်ဦးလျှင် တစ်နေကုန် ရှစ်ထောင်ကျပ်၊ မန်ကျည်းသီးမှည့်ကောက်သမတစ်ဦး တစ်နေကုန် လေးထောင်ကျပ်၊ ကျောက်ပန်းတောင်း မြို့နယ်ဘက်တွင် မန်ကျည်းသီးမှည့်ပုတ်ချ တစ်နေကုန် တစ်သောင်းသုံးထောင်ကျပ်၊ မန်ကျည်းသီးမှည့် ကောက်သမ တစ်ဦးတစ်နေကုန် ခုနှစ်ထောင်ကျပ်တို့ဖြင့် ဈေးနှုန်း ကွာခြားမှုတို့ရှိကြောင်းလည်း သိရသည်။ မန်ကျည်းသီးမှည့်ချိန် မန်ကျည်းသီးမှည့် အဝယ်ပွဲစားများသည် ညောင်ဦးနယ်၊ ငါ့သရောက်နယ်ဘက်သို့ မန်ကျည်းသီးမှည့် ပင်ပြတ်ဝယ်ယူကာ (မန်ကျည်းတစ်သီးအတွက်) မန်ကျည်းဆွတ်ခူးသူ၊ မန်ကျည်းကောက်သူများအား မန်ကျည်းပွဲစားများက အပြတ်ငှားထားကြကြောင်းလည်း သိရကာ မန်ကျည်းမှည့်ဆွတ် အငှားလိုက်သူများ၊ အကောက်အငှားလိုက်သူများ မိသားစု ဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း မန်ကျည်းအငှားလိုက်ပုတ်သူ၊ မန်ကျည်းထုသူများထံက သိရသည်။
ဒီပါလင်း