စဉ့်ကိုင် မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူကလေးငယ်များစာပေနှင့်ထိတွေ့၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ အထိမ်းအမှတ်နေ့ရက်များအား သိရှိစေရန်၊ အသိပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်တို့ကိုရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်နေ့(၁၀)နာရီက (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပခြင်းနှင့် နံရံကပ်စာစောင်ဓာတ်ပုံများပြသခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းက ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး တရုတ်စုအခြခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီက ပုံပြင်ပြောပြိုင်ပွဲ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူ(၁၀)ဦးတို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ရာ Woman Club အဖွဲ့၀င်ဒေါ်အေးအေးသိန်းကပြိုင်ပွဲ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးပြိုင်ပွဲ၀င် ကျောင်းသား/ကျောင်းသူ(၁၀)ဦးက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲ၀င်ကလေးငယ်များအား ပုံဆွဲစာအုပ်နှင့် ခဲတံများကိုအမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ ပညာရေးဌာန၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း Woman Club ၊ Youth Club အဖွဲ့၀င်များနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များတက်ရောက်ခဲ့ကြပြီး အသိပညာပေးနံရံကပ်စာစောင်ဓာတ်ပုံများအား ပြသထားရာကလေးငယ်များက စိတ်ပါ၀င်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)