မအီမြို့၌ အမှတ်(၂)မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မအီ    မတ်    ၂၆

မအီမြို့တွင် သုတဂဝေသီ ပညာရေးဖောင်ဒေးရှင်းမှ တာဝန်ယူဆောင်ရွက်သည့် လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု အမှတ်(၂)မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ၊ အကပဒေသာများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၂)မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပြီး ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် သားငယ်သမီးငယ်များကို ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် မူကြိုကလေးငယ်များက "ပညာပန်းခင်း" သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး ကျောင်းခေါ်ကြိမ် ရာနှုန်းပြည့်ဆု၊ ယဉ်ကျေးသိမ်မွေ့ဆုံးဆုနှင့် ကာယဉာဏအဖွံ့ဖြိုးဆုံးဆုရရှိကြသည့် သားငယ်သမီးငယ်တို့အား ဆုချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မူကြိုကလေးငယ်များက " ဗုဒ္ဓပူဇနိယ "သီချင်းဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူလတန်းကြိုကျောင်းမှာ ယခင်က ကျောင်းသားမိဘများ၏ အထောက်အပံ့တို့ဖြင့် ကိုယ့်အားကိုယ်ကိုး ရပ်တည်ခဲ့ရာမှ ၂၀၂၁ ခုနှစ်မှ စတင်၍ မအီဒေသခံ အရှင်ဥတ္တရဝံသ(သုတဂဝေသီ) နာယကပြုကြီးမှူးသည့် " သုတဂဝေသီ ပညာရေးဖောင်ဒေးရှင်း " က မူကြိုကျောင်း၏ ကိစ္စအရပ်ရပ်တို့အား တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းကို အဆိုပါဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက ပြောကြားခဲ့သည်။

မောင်မောင်ဌေး(ပြန်/ဆက်)