ပင်းတယ မတ် ၂၆
လူမှု၀န်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ပင်းတယ မူလတန်းကြိုကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ် ပေးအပ်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ပင်းတယမြို့နယ်ဓမ္မာရုံ ပတ္တမြား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပင်းတယမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ထိုက်စုကြည်မှ အဖွင့်အမှာစကား ပြောကြားပေးပြီး၊ ပင်းတယ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်စမ်းစမ်းထွေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မူလတန်းကြို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများမှ ကျောင်းဆင်းလက်မှတ်များနှင့် ပန်းချီပြိုင်ပွဲ၊ အားကစားပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် သားငယ်သမီးငယ်လေးများအား ဂုဏ်ပြုဆုနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြပြီး၊ မူလတန်းကြို ကျောင်းအုပ်ဆရာမကြီးမှ အားကစား ပြိုင်ပွဲတွင် အင်္ကျီအလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားပြီးတွင် သားငယ်သမီးငယ်လေးများမှ ပဒေသာအကဖြင့် လည်းကောင်း၊ မူလတန်းကြိုကျောင်း ဆရာမများက သင်္ကြန်အကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်းလည်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)