ဝိုင်းမော်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာစိုက်ထူခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ဝိုင်းမော်         မတ်    ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ တာဝန်ရှိသူများ၊ “လပြည့်ဝန်း” လူမှုကူညီရေးအသင်းမှ အသင်းသား/သူများ ပူးပေါင်းကာ ယမန်နေ့ နံနက် ၈ နာရီက ဝိုင်းမော်မြို့ ရပ်ကွက် (၁) ရှိ မြစ်ကြီးနား - ဗန်းမော်သွား ပြည်ထောင်စုလမ်းမကြီးနှင့် ဝိုင်းမော်-ကံပိုက်တည်သွားလမ်းဆုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေး ပိုစတာစိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဂျွန်ဇယ်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမျိုးဇော်သန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လပြည့်ဝန်းလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် စေတနာ့ဝန်ထမ်းများအင်အား(၁၀၀)ကျော်တက်ရောက်ကာ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် အသိပညာပေးပိုစတာအားစိုက်ထူကာ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာ အမှတ်(၁)ဈေးရုံအတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ငြှိမ်းသတ်ရန် စီစဉ်ဆောင်ရွက်ထားသည့် ရေသွယ်ပိုက်များ ကောင်းမွန်မှုရှိ/မရှိ လိုက်လံစစ်ဆေးကြပြီး တက်ရောက်လာသူများနှင့်အတူ မီးလောင်မှုနှင့် မီးငြှိမ်းသတ်မှုစွမ်းရည် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဖြူစင်