ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်း ဖွင့်လှစ်

ဒဂုံမြောက် အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲ သင်တန်းကို အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက အရပ်သားမှ အထူးရဲတပ်ဖွဲ့ဝင် ဆောင်ရွက်မည့်အခါ စည်းလုံးညီညွှတ်မှုရှိရန်၊ တစ်ဦးနှင့်တစ်ဦး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် လုပ်ကိုင်တတ်စေရန်နှင့် စည်းကမ်းများ စနစ်တကျ လိုက်နာတတ်ရန် တို့သည် အထူး အလေးထား လိုက်နာရမည့် အချက်များဖြစ်ပြီး သင်တန်းတက်ရောက်သည့် ကာလတွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ နေထိုင်ကြရန် သင်တန်းအဖွင့်အမှာစကား​တွင် ပြောကြားခဲ့သည်။

ဆက်လက်၍  မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမျိုးခိုင်ဦးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်းလုံး တစ်ပြိုင်တည်း ကျင်းပပြုလုပ်မည်ဖြစ်သောကြောင့် ရွေးကောက်ပွဲ လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရှိ   လက်ရှိအင်အားဖြင့် လုံလောက်မှုမရှိသည့်အတွက် အထူးရဲများကို ခန့်အပ် တာဝန်ပေး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် ယခုသင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင်များ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အခြားသိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကြေညာစာတမ်းများ စသည့် သိမှတ်ဖွယ်ရာများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်း မဲရုံများတွင် အထူးရဲတာဝန် ဆောင်ရွက်မည့် သင်တန်းသား (၁၅၇) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ၂၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)